အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲ ကျင်းပ

အေးသာယာ ဇွန် ၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲကို ဇွန်လ(၄)ရက် နံနက်(၁၀)နာရီခွဲက အေးသာယာမြို့ရှိ ဘက်စုံသုံးအားကစားခန်းမ၊ အားကာသိပ္ပံ (တောင်ကြီး)၌ ကျင်းပသည်။

ဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများမှ အားကစားနည်းအလိုက် ဂါရဝပြုမိတ်ဆက်ကြပြီး သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုဖွင့်လှစ်သည့် အားကစားနှင့် ပညာရေးပေါင်းစပ် သင်တန်းသည် အားကစားနှင့် ပညာရေးကို ဟန်ချက်ညီညီပေါင်းစပ်ဆောင်ရွက်စေလိုသည့် ဆန္ဒနှင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်က မျှော်မှန်းသော ထက်မြက်ထူးချွန်သည့် အားကစားသမားကောင်းများကို သင်တန်းမှ ပြုစုပျိုးထောင် မွေးထုတ်ပေး၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများ၊ ပြည်တွင်း၊ ပြည်ပအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်စေလျက်ရှိသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ အားကစားသည် ကိုယ်ကာယနှင့် ကျန်းမာကြံ့ခိုင်သန်စွမ်းရေးကို အထောက်အကူပြုသလို ကစားသမားများ၏ ဥာဏ်ပညာထက်မြက်ရေးနှင့် အသိဥာဏ်ဖွံ့ဖြိုးရေးကိုလည်း အကျိုးပြုမှာဖြစ်ပါ​ကြောင်း၊ အားကစားလေ့လာလိုက်စားခြင်းသည် ကာယဗလသာမကဥာဏဗလ၊ စာရိတ္တဗလနှင့် မိတ္တဗလတို့ပါဖွံ့ဖြိုးတိုးတက်သည့်အပြင် ဥာဏ်ရည်ဖွံ့ဖြိုးခြင်း စိတ်ဓာတ်ခိုင်မာခြင်းစသည့် အကျိုးထူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်မည့် လူငယ်မောင်မယ်များသည် ဇွဲ၊ လုံ့လ၊ ဝီရိယအရင်းခံပြီး အားသွန်ခွန်စိုက်ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အားကစားအထောက်အကူပြုပစ္စည်းများ၊ အလှူငွေများ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအတွက် အလှူငွေကျပ်သိန်း(၁၀၀)၊ ဆန်အိတ်(၁၀၀)တို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်နှင့် ဒုတိယကျောင်းအုပ်တို့မှ လက်ခံရယူ၍လည်းကောင်း၊ အားကစားအထောက်အကူပစ္စည်းများကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီးကလည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး)ကျောင်း စာကြည့်တိုက်အတွက် ဗီဒိုနှင့် အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အလှူရှင်များမှ အလှူငွေများ ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော အားကစားအထောက်အကူပြုပစ္စည်းနှင့် မှတ်တမ်းဓါတ်ပုံများ ကြည့်ရှု၍ သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လည်စာအတူ သုံးဆောင်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း