မြစ်ကြီးနား ဇွန် ၆
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ ကချင်ပြည်နယ် အားကစားအသင်းများ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေးကိုက အားကစားနည်းအလိုက် အောင်မြင်မှုရရှိစေရေး ကြိုတင်ဆောင်ရွက်ထားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အားကစားနည်း (၂၃) မျိုးအနက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားနည်း (၂၁) မျိုး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားနည်းအလိုက် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ အားကစားသမားများ ရွေးချယ်ရေး၊ အားကစားနည်းအလိုက် နည်းပြခေါ်ယူလေ့ကျင့်နိုင်ရေး၊ လူရွေးချယ်ပွဲများ ဆောင်ရွက်နိုင်ရေး စသည့်တို့အား အားကစားဆပ်ကော်မတီ အသီးသီးတို့က ဝိုင်းဝန်းဆွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)