မြစ်ကြီးနား ဇွန် ၅
“သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး၊ Land restoration, desertification and drought restoration” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထိုသို့ အမှာစကားပြောရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်ဆောင်ပုဒ်နှင့်အညီ မိမိတို့အနေဖြင့် မြေယာထိန်းသိမ်းခြင်း နည်းလမ်းများအနေဖြင့် သစ်ပင်သစ်တောစိုက်ပျိုးခြင်း၊ မြေပေါ်/ မြေအောက်ရေ အရင်းအမြစ်အားစနစ်တကျစီမံခန့်ခွဲခြင်း၊ ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှု စနစ်ကျင့်သုံးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုသုံးစွဲခြင်း၊ ဒေသနှင့်ကိုက်ညီသော အပင်မျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာများအသုံး ပြုစိုက်ပျိုးခြင်း၊ ပလတ်စတစ်များ စနစ်တကျစွန့်ပစ်ခြင်းစသည့် နည်းလမ်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းသည်ဟူသော အဆိုကဲ့သို့ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် မြေယာပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အစိုးရ၊ ပြည်သူလက်တွဲညီစွာဖြင့် ဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီး ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ် အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (အလယ်တန်းအဆင့်) တွင် ပထမဆုရရှိသော အခြေခံပညာအလယ်တန်းကျောင်း၊ ကြာကြီးကွင်း မိုးညှင်းမြို့၏ ပြိုင်ပွဲဝင် ဗီဒီယိုကလစ် ဖွင့်လှစ် ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ကချင်ပြည်နယ်အဆင့် စဉ်ဆက်မပြတ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က စဉ်ဆက်မပြတ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (ဂုဏ်ပြုဆု) ရ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (မြစ်ကြီးနား) နှင့် ပြည်နယ်အဆင့် အခြေခံပညာအထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ကျောင်းများအား လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အခြေခံပညာ အလယ်တန်းအဆင့် ပထမ၊ ဒုတိယနှင့် တတိယဆု ကျောင်းများအားလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အခြေခံပညာမူလတန်းအဆင့် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းများအားလည်းကောင်း အသီးသီးဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် အခမ်းအနားတက်ရောက်လာသူများက ကမ္ဘာ့ပတ်တန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၌ အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့သည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေသည့်အပြင် တရုတ်နိုင်ငံနှင့်လည်း ကုန်စည်စီးဆင်းလျက်ရှိသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ သို့ရာတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စေရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ပိုမိုလျင်မြန်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့အင်္ဂါရပ်နှင့်အညီ မရှိမဖြစ်လိုအပ်သည့် အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းအကြုံပြုဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ဟန်းတဲရပ်ကွက် မြို့ရှောင်လမ်းဘေးရှိ ကြေးတိုင်မြင်ကွင်းအတွင်း စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧရိယာ ၃၀ ဒဿမ ၄၉ ဧကအတွင်း အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်နိုင်ရေးအတွက် အဆိုပြုတင်ပြလာသည့် Metro log ကုမ္ပဏီလိမိတက်မှ မန်နေးဂျင်ဒါရိုက်တာက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ အကြုံပြုသုံးသပ်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အမှန်တကယ်လိုအပ်ချက်ဖြစ်သည့် အဝေးပြေးယာဉ်ရပ်နားစခန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီကလည်း မြစ်ကြီးနားမြို့ သန့်ရှင်းသာယာ လှပရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ ဧရာရပ်ကွက် ဘုရင်နောင်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာရှိ အမှိုက်များ ကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ သစ်ပင်ကြီးများ ခုတ်ထွင်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)