မိုးညှင်း ဇွန် ၅
မိုးညှင်းတက္ကသိုလ်၌ ၂၀၂၄ ခုနှစ် ဇွန်လ (၅) ရက်တွင် ကျရောက်သည့် (၅၂) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ANTONIO GUTERRES ၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် ပေးပို့သောသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဝင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါအထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်မှ အမှုဆောင်ဒါရိုက်တာ INGER ANDERSEN ပြောကြားထားသည့် ရုပ်သံဗီဒီယိုအား ပြသခဲ့သည်။
ယင်းနောက် ဇွန်လ(၃)ရက်တွင် ကျင်းပခဲ့သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အငယ်တန်းနှင့် အကြီးတန်းဆောင်းပါးပြိုင်ပွဲမှ ဆုရရှိကြသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများနှင့် ဆုရရှိသူများအား ပြသထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း