တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအထိမ်းအမှတ် အခမ်းအနားကျင်းပ

တာချီလိတ် ဇွန် ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက အောင်မြတ်ခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးသူရဇော်လွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အားဂုဏ်ပြုဖော်ပြသည့် ဗီဒီယိုကိုပြသသည်။

ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် စာစီစာကုံး၊ ပန်းချီနှင့် ကာတွန်းပြိုင်တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့က ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၆၀) ဦးတို့က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အထိမ်းအမှတ် ပြခန်းအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသပြီး အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)