တောင်ကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကျင်းပ

တောင်ကြီး ဇွန် ၅

၂၀၂၄ ခုနှစ်၊ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

ကမ္ဘ့ာပတ်ဝန်းကျင်ထိမ်းသိန်းရေးနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြည်နယ်အတွင်းကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ပတ်ဝန်းကျင်ရေးရာကဏ္ဍကို အလေးထားဆောင်ရွက်ခြင်းဖြင့် ရေရှည်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ မှန်လုံအိမ်ဓာတ်ငွေ့အပါအဝင် ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသော ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းစဥ်များကို လည်းအလေးထားဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်၊ အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်အကောင်အထည်ဖော်နိုင်ရန် အားပေးဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များအတွက် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ယခုနှစ်ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး ဟူသော ဆောင်ပုဒ်နှင့်အညီ သစ်ပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာထင်းစိုက်ခင်းများ ထူထောင်ခြင်း၊ အိမ်ခြံဝင်းအတွင်း သစ်ပင်ပန်းမန်မျိုးစုံစိုက်ပျိုးခြင်း၊ မြေယာပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip ပြသပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော မြို့ဆုနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဂုဏ်ပြုဆုငွေ၊ ကျောက်စီပန်းချီကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍လည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေး၍လည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ၊ မူလတန်းအဆင့်ကျောင်းများ၊ ရှမ်းပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဖော်ဆောင်ရန် ပါဝင်ကူညီလှူဒါန်းပေးသော အလှူရှင်များတို့ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ဂုဏ်ပြုဆုငွေ ကျောက်စီပန်းချီကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီး ချီးမြှင့်ပေးကြသည်။

ထို့နောက် အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆုရရှိသည့် ကလောမြို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် အမျိုးသားအဆင့်သို့ ရှမ်းပြည်နယ်ကိုယ်စားပြု ပေးပို့တင်ပြခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(တာလော့)၏ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော် ဆောင်ရွက်မှု Video Clip အား ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဆုရရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ ခန်းမအတွင်း ခင်းပြသထားသော အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း