စစ်တွေ ဇွန် ၅
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မြအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်သည့်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသားအဆင့်နှင့်ဒေသအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာအဆင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင် နေပြည်တော်၊ MICC-2 မှာ ယနေ့အခမ်းအနားဖြင့် တစ်ပြိုင်တည်း ကျင်းပလျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနေမှု ပြဿနာများအနက် အခြေအနေနှင့် အချိန်အခါပေါ်မူတည်ပြီး နှစ်အလိုက်ဖြစ်ပွားပေါ်ပေါက်နေသည့် အရေးကြီး ပြဿနာရပ်များ၊ အဓိကစိန်ခေါ်နေမှုများကို ပိုမိုသိရှိကာ အလေးထားဖြေရှင်းဆောင်ရွက်လာကြစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်များကို ၁၉၇၄ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ပြန် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများမှာ နှစ်စဉ်လှည့်လည် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားအနေဖြင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီး မှုဆိုင်ရာ စိန်ခေါ်မှုပြဿနာများထဲမှာ “သဲကန္တာရတိုက်ဖျက်ရေးနဲ့ မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရည်ရှိရေး” သည်လည်း အဓိကအရေးကြီးသော ပြဿနာဖြစ်လာသည့်အတွက် ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နေ့ ဆောင်ပုဒ်ကိုလည်း “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး (Land restoration, desertification and drought resilience)” ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခြင်းအားဖြင့် ပြည်သူ များအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမှာ စိတ်ပါဝင်စားမှုများ မြင့်မားလာစေပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်လိုစိတ်များ တိုးတက်ဖြစ်ပေါ်လာစေနိုင်မည်ဖြစ်ကြောင်းနှင့် ယနေ့အခမ်းအနားကိုတက် ရောက်လာကြသူများနှင့် ပြည်သူများအားလုံးအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေမည့် မိမိတို့၏နေ့စဉ်ပြုမူနေထိုင်မှုပုံစံများကို ပြုပြင် ပြောင်းလဲပြီး ပစ္စုပ္ပန်အကျိုး၊ အနာဂတ်အကျိုးအတွက် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (Mr. Antonio Guterres) က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှတ်တမ်းဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ အမှာစကားမှတ်တမ်းဗီဒီယိုနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုအား ဖွင့်လှစ်ပြသသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)