မော်လမြိုင် ဇွန် ၅
၂၀၂၄ ခုနှစ် ယနေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ဆိုင်ရာ ညီလာခံကြီးကို ကျင်းပပြုလုပ်ခဲ့သည့် ဇွန်လ (၅) ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသလို ကမ္ဘာ့နိုင်ငံများနှင့် ပြည်သူလူထုများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် အာရုံစူးစိုက်မိလာစေရန်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးနေမှု ပြဿနာများအပေါ် အဓိကစိန်ခေါ်နေမှုများကို ပိုမိုသိရှိကာ အလေးထားဖြေရှင်း ဆောင်ရွက်လာကြစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” “Land restoration, desertification and drought resilience” ဖြင့်/ အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့အခမ်းအနားကို ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားမှုတွေကို တားဆီးကာကွယ်ဖို့အတွက် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်း၊ ရေသယံဇာတများ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲသစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဲကန္တာရဖြစ်ထွန်းနိုင်မှုများကို တိုက်ဖျက်ရန်နှင့် အပူပိုင်းဂေဟစနစ်များ ပြန်လည်တည်ထောင်တဲ့လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံးပူးပေါင်းဥတုပြောင်းလဲမှု လျှော့ချရေး၊ အပူပိုင်းဒေသ မိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် သဲကန္တာရတိုက်ဖျက်ခြင်းစတဲ့ လုပ်ငန်းတွေမှာပူပေါင်းဆောင်ရွက်ခြင်း၊ ဒေသနှင့်ကိုက်ညီတဲ့ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အရှိအရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေးကို ကမ္ဘာ့အရွေ့နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ဖို့ အထူးလိုအပ်တာကြောင့် မတူညီသော ဂေဟစနစ်အမျိုးမျိုးအရွယ်အစား အမျိုးမျိုးတို့ကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်းရန် ပြန်လည်တည်ထောင်ရန် အစီအစဉ်များ စနစ်တကျ ချမှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေးကို ကမ္ဘာ့အရွေ့နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန် အထူးလိုအပ်သောကြောင့် မတူညီသော ဂေဟစနစ်အမျိုးမျိုးအရွယ်အစားအမျိုးမျိုးတို့ကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်း ပြန်လည်တည်ထောင်ရန် အစီအစဉ်များ စနစ်တကျ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သစ်တောသစ်ပင်များနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကိုနားလည်ပြီး တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက်ဖြစ်စေ သစ်ပင်များကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းကြဖို့ လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်က ဖတ်ကြားပြီး၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးကျော်သူရလှိုင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့်ကျောင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်းကောင်း၊ မွန်ပြည်နယ်အတွင်း ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စံပြကျေးရွာဆုအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗီဒီယိုပြသနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးပြခန်းများအား လှည့်လှည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)