မွန်ပြည်နယ် ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၅

မွန်ပြည်နယ်တွင် သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန် သစ်တောသစ်ပင်ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရန် သစ်တောစိုက်ခင်းများ ထူထောင်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် - ၂ဝ၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တက္ကသိုလ်(၁ဝ)မြို့နယ်ဆောင်အနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယနေ့ ဇွန်လ (၅)ရက်နေ့မှာ ကျရောက်တဲ့ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပြီး သစ်တောသယံဇာတများ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်တွေ ထိန်းသိမ်းနိုင်ဖို့နဲ့ သစ်တောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူများ တက်ကြွစွာပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ အဓိကလုပ်ငန်းစဉ် (၂)ရပ်ကို မျှတစွာ ဆောင်ရွက်မှသာရာသီဥတု ပြောင်းလဲမှုကို ထိရောက်စွာ တုံ့ပြန်ကျော်လွှားနိုင်မှာ ဖြစ်ပြီးပထမလုပ်ငန်းစဉ်တစ်ရပ်ကတော့ ရာသီဥတုပြောင်းလဲမှုကို လျော့ချခြင်းဖြစ်ကာ ဒုတိယလုပ်ငန်းစဉ်တစ်ရပ်ကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရာသီဥတု၏ ပြောင်းလဲလာမှုကို ချက်ချင်းလျော့ချဖို့ မဖြစ်နိုင်သလို ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိစေဖို့ကို မိမိတို့အနေနဲ့ကြိုတင် ပြင်ဆင်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ဆောင်ရွက်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးအနက် သစ်တောများပြုစု ထိန်းသိမ်းခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများဟာ အလွန်ထိရောက်ပြီး ကုန်ကျစရိတ်သက်သာကာ လူတိုင်းလူတိုင်းအလွယ်တကူ ဆောင်ရွက်နိုင်ရုံမက ချက်ချင်းနေရာမရွေး ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝကိုအခြေခံတဲ့ ဖြေရှင်းခြင်းနည်းလမ်း တစ်ရပ်လည်းဖြစ်သည့်အတွက် သစ်တောတွေကို စနစ်တကျထိန်းသိမ်းကာကွယ်ဖို့ လိုသလိုစက်မှုလုပ်ငန်းတွေက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို စုပ်ယူနိုင်တဲ့ သစ်တောသစ်ပင်တွေကို အရှိန်အဟုန်နဲ့ စိုက်ပျိုးကြဖို့ လိုအပ်လာပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မိုးရာသီအတွင်း မွန်ပြည်နယ်တစ်ဝှမ်းလုံးမှာ သစ်ပင်စိုက်ပျိုးပွဲတော် (၁၃)ကြိမ် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သစ်ပင်ပေါင်း (၈၈၄၀)ပင် ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမှာဖြစ်ကာ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များကို သစ်မျိုး(၁၈)မျိုးနဲ့ ပျိုးပင်ပေါင်း (၃)သိန်း ဖြန့်ဝေေပးသွားမည်ဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ တည်ထောင်စိုက်ပျိုးခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူပြီး ဌာနဆိုင်ရာတွေ၊ ပြည်သူတွေ၊ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မိုးရာသီသစ်ပင်များကို စိုက်ပျိုးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သစ်မာအမျိုးအစားများဖြစ်သော ကျွန်း၊ သင်္ကန်း၊ ပျဉ်းကတိုး၊ ပျဥ်းမ၊ မဟော်ဂနီ၊ ယမနေ၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ခရေ၊ ကံ့ကော် စသည့်သစ်ပင်အမျိုးအစားများ စိုက်ပျိုးခဲ့ပြီး တက်ရောက်လာသူများမှ တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်အနေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မိုးရာသီတွင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူထုဖြန့်ပျိုးပင်လျာထားချက် အပင်ရေ (၃) သိန်းကို စိုက်ပျိုးထားလျက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ကျရောက်သည့် ယခုလို မိုးရာသီကာလတွင် သစ်ပင်အမျိုးမျိုးတို့ကို ဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင် ပြုန်းတီးမှုများကို ပြန်လည်အစားထိုးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုနှင့် ဂေဟစနစ်ပြောင်းလဲမှုများကို ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)