ပြင်ဦးလွင်မြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ကျင်းပ

ပြင်ဦးလွင် ‌ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် (၅၁) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာ ကြီးနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား ရှင်းပြသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယို Clip အား ဖွင့်လှစ်ပြသပြီး သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေးခေါင်းစဉ်ဖြင့် စာစီစာကုံးနှင့် ဆေးရောင်စုံ ပန်းချီပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူ ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နော် အထက်တန်းနှင့် အလယ်တန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုအား ပေးအပ်ချီးမြှင့်ရာ ခရိုင်အဆင့် ပထမဆု ရရှိသည့် အ.လ.က (စည်ကား) ကျောင်း နှင့် မူလတန်းအဆင့် ပထမဆုရရှိသည့်အ.မ.က (၁၂) မှ ကျောင်းတို့မှ ကျောင်းအုပ်ဆရာမကြီးများက ဆုများ လက်ခံရယူသည်။ ထို့နောက် တာဝန်ရှိသူများနှင့်အတူ ဆုရကျောင်းသား/ကျောင်းသူများက မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ပြင်ဦးလွင်မြို့ (၅၁) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)