မိတ္ထီလာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ ဇွန် ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က နည်းပညာတက္ကသိုလ် (မိတ္ထီလာ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးစန္ဒာက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလှကမ္ဘာမြေသီချင်းဖြင့် ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက ကပြဖျော်ဖြေသည်။ ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် (UNEP) တို့မှပေးပို့သည့် ဗီဒီယိုလစ်များနှင့်  ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုကောင်းမှု (တိုင်းဒေသကြီးအဆင့်) ဆုရရှိခဲ့ကြသည့် ရွှေတောင်ဘိလပ်မြေစက်ရုံနှင့် မိတ္ထီလာမြို့ နယ်စည်ပင်သာယာရေးအဖွဲ့တို့၏ ဗီဒီယိုကလစ်များကို ပရိုဂျက်တာဖြင့်ပြသသည်။ ထိုနောက် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုကောင်းမွန်သော စက်ရုံ၊အလုပ်ရုံ တိုင်းဒေသကြီးအဆင့် ပထမဆုရ ရွှေတောင်ဘိလိပ်မြေစက်ရုံ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ တိုင်းဒေသကြီးဂုဏ်ပြုဆုရ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း တိုင်းဒေသကြီးအဆင့် အ.ထ.က၊ အ.လ.ကအဆင့်တွင် နှစ်သိမ့်ဆုရ အ.ထ.က (၄) တို့မှ တာဝန်ရှိသူများထံသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်တာဝန်ရှိသူများက  ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခမ်းအနားအပြီးတွင် ၂၀၂၄ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုစက်ပစ္စည်းကိရိယာများ ၊ အသိပညာပေးစာအုပ်စာစောင်များကို တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ