ညောင်ဦးမြို့နယ် ထီးလိုမင်းလိုဂူဘုရားအတွင်းရှိ ဆင်းတုတော်(၉)ဆူအား ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အေဒီ(၁၂၁၁-၁၂၃၁)ဇေယျသိင်္ခ နားတောင်းများ မင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ထီးလိုမင်းဘုရားကြီး အထက်ပစ္စယံရှိ ဆင်းတုတော်(၄)ဆူနှင့် အောက်ပစ္စယံရှိ ဆင်းတုတော်(၅)ဆူတို့အား ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ထီးလိုမင်းလိုဘုရားကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ထီးလိုမင်းလို ဘုရားရှိ ဆင်းတုတော်များ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ ရှေးမူမပျက်စေရေးနှင့် စနစ်တကျရှိစေရေး အကြံပြုပြောကြားသည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်လာသည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးကော်မတီဝင်များက ထီးလိုမင်းလိုဘုရားရှိ ဆင်းတုတော်(၉)ဆူ ရွှေသင်္ကန်းကပ်လှူရန်အတွက် ရွှေအမှိုက်ထုတ်ယူရာတွင် အလေအလွှင့် မရှိစေရေး၊ တားမြစ်ပစ္စည်းများဖြင့်ရွှေမိုက်ထုတ်ယူမှုမဖြစ်စေရေး၊ ရရှိလာသော ရွှေစင်များအား ကာလပေါက်ဈေးဖြင့်ရောင်းချရန်၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းကို ရွှေအရည်အသွေး အဆင့်အတန်းပြည့်မီအောင် ကော်မတီအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း