မိုင်းယု ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ ဦးဆောင်သော မြို့နယ်စစ်ကြောင်းကြီး (၅)ကြောင်းသည် ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု တာကြန့်ကျေးရွာနှင့် မိုင်းယုမြို့မရပ်ကွက်သို့လည်းကောင်း၊ နေ့လယ်ပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု ဒွန်းနွဲ့ကျေးရွာနှင့် မိုင်းလွေကျေးရွာအုပ်စု မိုင်းလွေကျေးရွာတို့၌လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဆန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေး၊ နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်လတ်နှင့် မီးသတ်ဦးစီးမှူး ဦးစိုင်းအွန်ခမ်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းနှင့် ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာများ၊ အသံချဲ့စက်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများက မိမိတို့၏ သိရှိလိုသည့်အချက်များ၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့်လမ်း၊ တံတား၊ ရေရရှိရေးတို့အား မေးမြန်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မိုင်းယု(ပြန်/ဆက်)