တုံတာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေး ထိုးနှံတိုက်ကျွေး

တုံတာ ဇွန် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ တုံတာတိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးက ကာကွယ်ဆေးလာရောက်ထိုးနှံ​သော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက်ကလေး ငယ်များ၏ သက်ဆိုင်ရာ ဆေးထိုးကတ်ပြား၌ စာရင်းရေးသွင်းကာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။

အဆိုပါကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်၏ ပုံမှန်ကာကွယ်ဆေးတွင် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး၊ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီပီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊  ပိုလီယို အကြောသေရောဂါကာကွယ်ဆေး ထိုးဆေးနှင့် သောက်ဆေး၊ ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေးတို့ ပါဝင်ကြောင်း သိရသည်။

မြတ်မွန်(ပြန်/ဆက်)