ကော့မှူး ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်တစ်နှစ်မှ ငါးနှစ်အောက်ကလေးများအား ဒုတိယအကြိမ် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်း Catch Up immunization လှုပ်ရှားမှုအနေဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်က မြို့သစ်ရပ်ကွက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ထိုးနှံပေးနေကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁)ဦးစိုးဝင်းထွန်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အဆိုပါ catch up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသော ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်းထွန်းကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးများကို Catch Up နည်းလမ်းဖြင့် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံတိုက်ကျွေးခြင်းကို ရပ်ကွက်/ကျေးရွာများအတွင်းရှိ ကျန်းမာရေးဦးစီးဌာနရုံးများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)