ဥတ္တရသီရိ ဇွန် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဥတ္တရခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှု ဦးစီးဌာနမှကြီးမှူး ဖွင့်လှစ်သည့် (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားရာ ယနေ့မျက်မှောက်ခေတ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရာသီဥတုပြောင်းလဲမှုကြောင့် မီးဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ ကပ်ရောဂါဘေးစတဲ့ သဘာဝဘေးအန္တရာယ်မျိုးစုံကို နှစ်စဉ်ရင်ဆိုင်ကြုံတွေ့ ခံစားနေရကြောင်း၊ လူသားတို့ရဲ့တီထွင်ဆန်းသစ်မှု၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှ ကာဗွန်ထုတ်လုပ်မှုများပြားခြင်း၊ ကမ္ဘာ့မြေထု၊ လေထု၊ ရေထုတို့မှ သယံဇာတများကို အလုံးအရင်းနှင့် အဆင်ခြင်မဲ့ ထုတ်ယူသုံးစွဲမှုများပြားလာခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ တောမီးလောင်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အားနည်းခြင်းတို့ကြောင့် ယနေ့ကမ္ဘာကြီးမှာ ဘေးအန္တရာယ် မျိုးစုံကျရောက်ခံစားနေရခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို နိုင်ငံတိုင်းသာမက လူတိုင်းအထူး ဂရုပြုသတိထားရမည့် အကြောင်းအရာ တစ်ခုဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှ ပို့ချလိုက်သော သင်ခန်းစာများမှ ရရှိလာသော အသိပညာ၊ ဗဟုတုသများနှင့် အတွေ့အကြုံများကို သက်ဆိုင်ရာ နယ်ပယ်အလိုက် ပြန်လည်အသုံးချပြီး မိမိတို့ဒေသမှာရှိတဲ့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး ဥတ္တရခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်မှ သဘာဝဘေးအန္တရာယ်များကြောင့် ခံစားနေရသော ဒုက္ခသည်များအား စားဝတ်နေရေး လက်တလော သက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးရန် သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှုလျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ ဥတ္တရခရိုင်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ ဥတ္တရခရိုင်၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးအား သင်တန်းနည်းပြ ခြောက်ဦးဖြင့် ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ သင်တန်းကာလ ၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)