ညောင်ရွှေ ဇွန် ၅
စားသုံးဆီဖူလုံမှုရှိစေရန်၊ ပြည်ပမှ မှာယူတင်သွင်းမှုလျော့ချနိုင်ရန်နှင့် စိုက်ပျိုးရေးတောင်သူများ ဝင်ငွေတိုးတက်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ဆီထွက်သီးနှံတိုးတက်မြင့်မားရေး တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာန (နေပြည်တော်ရုံးချုပ်) ဆီထွက်အထူးဇုန်များ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက တောင်သူများအတွက် သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကား ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ညောင်ရွှေမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံစိုက်ပျိုးရေးတောင်သူ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဌာနခွဲအသီးသီးမှ နည်းပြဆရာ/ ဆရာမများက သက်ဆိုင်ရာကဏ္ဍအလိုက် သင်ကြားပို့ချခဲ့ကြောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေးအထူးဇုန်(နေကြာ၊ မြေပဲ)ကဏ္ဍ စိုက်ပျိုးတောင်သူ (၃၄၄၁)ဦး၊ လျာထားစိုက်ဧက (၆၈၀၄)ဧကရှိ၍ လက်ရှိတွင်(၂၃၅၁)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ