တာချီလိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

တာချီလိတ် ဇွန် ၅

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သစ်တောဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက် ၉ နာရီခွဲက တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်တွင် ကျင်းပသည်။

ဦးစွာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲထွန်းနှင့် တာဝန်ရှိသူတို့က ပျိုးပင်များပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရ ယူပြီး ဌာနဆိုင်ရာများ၊ အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်မှ တပ်မတော်သားများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူများက ကျွန်း၊ ပိတောက်၊ မဟော်ဂနီ၊ ကံ့ကော်၊ ပုန်းညက်၊ ခရေ၊ သစ်နှင်းဆီ၊ မဲဇလီ၊ မန်ဂျန်ရှား၊ မဟာလှေကားစသည့် ပျိုးပင်စုစုပေါင်း(၁၂၂၅)ပင်ကို  တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြပြီး သစ်တောဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။

တာချီလိတ်မြို့နယ်တွင် ယခုနှစ်မိုးရာသီအတွင်း ပျိုးပင်ပေါင်း (၇) သောင်းကို ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)