ဗန်းမော် ဇွန် ၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပသော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဗန်းမော်မြို့တော်ခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က နှစ်စဉ်နှစ်တိုင်း ဇွန်လ (၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ထားပါကြောင်း ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်နှင့်အညီ သစ်ပင်သစ်တောများနှင့် ဂေဟစနစ်များ၏ အစစ်အမှန်တန်ဖိုးကို သိရှိနားလည်ပြီး တစ်ဦးတစ်ယောက်ခြင်းမှသည် အစုအဖွဲ့အလိုက်၊ ရပ်ကွက်၊ ကျေးရွှာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းပြီး ဂေဟစနစ်ကို ပြန်လည်ဖြည့်တင်းဖို့လိုကြောင်း အဖွင့်အမှာစကားပြောခဲ့သည်။
ထို့နောက် ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေပြည်စိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဗီဒီယို များဖြစ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres(အန်တိုနီရိုဂူတာရက်စ်)နှင့် UNEPမှ အမှုဆောင်ဒါရိုက်တာ Inger Andersen (အန်ဂါအန်ဒါဆန်)၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သဝဏ်လွှာမှတ်တမ်း ဗီဒီယိုပြသခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးချုပ်မှပေးပို့သည့် အသိပညာပေးဗီဒီယိုပြသခြင်း၊ ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်း စိုပြည်သောကျောင်းဆု အထက်တန်းအဆင့်တွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၏ ဗီဒီယိုမှတ်တမ်းများပြသခဲ့ပြီး ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုရရှိခဲ့သည့် အလယ်တန်းအဆင့်တွင် အ.လ.က ဝက်ကုန်း ကျောင်းနှင့် ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု ဒုတိယဆုရရှိခဲ့သည့်အ.မ.က မူလွန် မံပုံကျောင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာ/ဆရာမများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည့် ၂၀၂၄ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ထူးချွန်ဆုများရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)