မိုးကောင်းမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုးကောင်း ဇွန် ၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသစ်ပင်စိုက်ပျိုးပွဲကို ကျွန်းပင်သာကျေးရွာအုပ်စု အောင်မင်္ဂလာဘုရားဝန်းအတွင်း၌ ယနေ့ နံနက် (၇)နာရီတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ဌာနဆိုင်ရာကိုယ်စားလှယ်များထံ ပျိုးပင်များပေးဝေခဲ့သည်။ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်အတွက် သစ်တောထိန်းသိမ်းရေးသည် အရေးပါသော လုပ်ငန်းတစ်ခုဖြစ်၍ သစ်ပင်စိုက်ပျိုးရုံဖြင့် မပြီးသေးပဲ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း (၂)ရပ်ကို ဟန်ချက်ညီညီဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် မိုးရာသီစိုက်ပျိုးပွဲတော်ကို တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ခန့်က ကျွန်းအပင်(၃၀၀)၊ ပျဉ်းကတိုးအပင်(၃၀၀)၊ တောင်တမာအပင်(၂၀၀)၊ ခရေအပင်(၁၀၀)၊ ကံ့ကော်အပင်(၁၀၀)နှင့် ယမနေအပင်(၂၀၀) စုစုပေါင်းမိုးရာသီစိုက်ပျိုး အပင် (၁၂၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)