တာမွေ ဇွန် ၅
“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက “ဘာသာရေး၊ လူမျိုးရေး၊ ကျား/မဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့် ရရှိစေရန်” ရည်ရွယ်၍ ၂၀၂၄-ခုနှစ် ဇွန်လ(၃) ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် နေမျိုးသူရလမ်းရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကို (အခမဲ့) ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းအား အဆိုပါကျောင်း နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသီရိပဝရဓမ္မာစရိယ၊ ဝိနယဝိဒူ ဒီဃနိကာယဝိဒူ၊ နိုင်ငံတော် သမ္မုတိရသံဃာ့ကိုယ်စားလှယ် ဦးဆောင်ပြီး အခြေခံပညာအလယ်တန်းကျောင်းအဖြစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း၊ သူငယ်တန်း(KG)မှ (GRADE-9)အထိ ကျောင်းသား/သူများအား ကျောင်း၌သာ တက်ရောက်ပညာသင်ကြားစေပြီး (GRADE-10) မှ (GRADE-12) အထိ ကျောင်းသား/သူများအား အစိုးရအခြေခံပညာကျောင်းများသို့ လွှဲပြောင်းအပ်နှံပြီး အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွင်သာ ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ယခု ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦးကို အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် (အခမဲ့)ပညာသင်ကြားပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)