နောင်ချိုမြို့ သဖန်းကိုင်းပရဟိတအဖွဲ့မှ အမှတ်-၁အခြေခံပညာအထက်တန်းကျောင်းသို့ ထိုင်ခုံ အလုံး ၂၀၀ နှင့် အလှူငွေ ၁၀သိန်းလှူဒါန်း

နောင်ချို ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတ်ဆရာတော်သဒ္ဓမ္မဇောတိက ဓဇဒေါက်တာဘဒ္ဒန္တပညာလင်္ကာရအမှူးပြုသော သဖန်းကိုင်းပရဟိတအဖွဲ့မှ အမှတ်-၁အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့က ထိုင်ခုံ အလုံး-၂၀၀နှင့် အလှူငွေ ကျပ် ၁၀ သိန်းကို လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနှင့် ဆရာ/ ဆရာမများက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အမှတ်-၁အခြေခံပညာအထက်တန်းကျောင်းတွင် မြို့ပေါ်ရပ်ကွက်များမှ ကျောင်းသား/ ကျောင်းသူများအပြင် ယာယီစစ်ဘေးရှောင် ကျောင်းသား/ သူများပါ တက်ရောက်သင်ကြားလျက်ရှိပြီး ကျောင်းသား/ သူစုစုပေါင်း နှစ်ထောင်ကျော် တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ ယာယီနေရပ်ရှောင် ကျောင်းသား/ သူများ၏ စားဝတ်နေရေးများကို သဖန်းကိုင်ပရဟိတဆရာတော်မှ တာဝန်ယူဆောင်ရွက်ထားရှိကာ နေ့စဥ်ကျောင်းအကြိုအပို့ကိုပါ စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)