သထုံမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

သထုံ    ဇွန်   ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ပြုလုပ်သည့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းအောင်က စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောကြားပြီး သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ သထုံခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ဌာနဆိုင်ရာများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များတို့ထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကြသည်။

ယင်းနောက် သထုံတပ်နယ်မှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တက်ရောက်လာသူတို့က ပျိုးပင်များကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေနေရာအသီးသီးတို့၌ တပျော်တပါးစိုက်ပျိုးပေးခဲ့ကြပြီး တာဝန်ရှိသူတို့က ပျိုးပင်များစိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါနေ့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ပိတောက်၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ငုရွှေဝါ၊ ‌ကံ့ကော်နှင့် မဟော်ဂနီပျိုးပင်စုစုပေါင်း ၅၈၀ အား ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာမိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)