မိုင်းဆတ် ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNEP)မှ အမှုဆောင်ညွှန်ကြားရေးမှူး၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုကလစ်အား ပြသခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကိုက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကိုနှင့် တာဝန်ရှိသူတို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် အသိပညာပေးနံရံကပ်ဘုတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဝင်းကျော်သန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်လင်းထွန်း၊ ရှမ်းပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကို၊ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)