တန့်ယန်း ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းစေရန်၊ ရာသီဥတုမျှတစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၄-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက တပ်နယ်ထင်းရှူးစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်းနှင့် တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများအား သစ်ပင်ပျိုးပင်များကို ပေးအပ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြသည်။
၂၀၂၄-ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း ၅၀ ပင်၊ ထင်းရှူး ၅၀ ပင်၊ ရေသင်းဝင် ၅၀ ပင်၊ မယ်ဇလီ ၅၀ ပင်၊ ခါတော်မီ ၅၀ ပင်၊ ချယ်ရီ ၅၀ ပင် စုစုပေါင်း (၃၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)