မြောက်ဥက္ကလာပ ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ့်ကိုး စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လယ် ၁ နာရီက (ဂ) ရပ်ကွက်ရှိ သော်တာဆွေ စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရုံးအဖွဲ့မှူး ဦးဝင်းသိန်းက စာကြည့်တိုက်များအတွက် လက်ရှိဆောင်ရွက်နေမှု အစီအစဥ်များကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်မှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မာရေးအတွက် စာကြည့်တိုက် ကော်မတီဝင်များအနေဖြင့် စာကြည့်တိုက်လုပ်ငန်းကို စိတ်ဝင်စားရန်လိုအပ်ကြောင်း၊ သုတ/ရသစာအုပ်များအား စနစ်တကျ စာရင်းရေးသွင်းရန်လိုကြောင်း၊ စာကြည့်တိုက် ဖွင့်ချိန်/ပိတ်ချိန် မှန်ကန်ရန်လိုအပ်ကြောင်း၊ မြို့နယ်ပြန်/ဆက်မှလည်း စာကြည့်တိုက်လုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ သော်တာဆွေ စာကြည့်တိုက်မှ ကော်မဝင်တစ်ဦးက စာကြည့်တိုက်ရှိ ရန်ပုံငွေရရှိမှု အခြေအနေများ၊ စာကြည့်တိုက်အတွက် လိုအပ်သည့် ပရိဘောဂများ၊ နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ကျောင်းသူများအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်ချက်များကို ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ပြန်လည်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)