ကျောက်ဖြူမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ  ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ  ဇွန်  ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနရုံးခြံဝန်းရှိ မြို့မ-ယာယီပျိုးဉယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် မြို့နယ်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်ပြီး ၎င်းတို့ရုံးခြံဝန်း၌ ပျိုးထောင်ထားရှိသည့် ၂၀၂၄ ခုနှစ်၊ မျိုးရာသီ၌ လူထုဖြန့်ပျိုးပင်များ စနစ်တကျပျိုးထောင်ထားရှိမှုနှင့် အပင်များရှင်သန်ကြီးထွားနေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်သစ်တောဦးစီးမှူးက ရှင်းလင်းဖြေကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။  

ကျောက်ဖြူမြို့နယ်၌ ရာသီဥတုကောင်းမွန်မျှတစေရေး ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနရုံးရှိ မြို့မ-ယာယီပျိုးဥယျာဉ်တွင် ကျွန်းပင်(၃၀၀၀)၊ မန်ဂျန်ရှားပင် (၁၄၀၀၀)၊ မယ်ဇလီပင်(၅၀၀)၊ ရေတမာပင်(၃၀၀)၊ ဗန်ဒါပင်(၂၀၀)၊ ပျဉ်းက တိုးပင်(၅၀၀)၊ ကံ့ကော်ပင်(၂၀၀)၊ ခရေ ပင်(၃၀၀)၊ မဟော်ဂနီပင် (၁၀၀၀) တို့အားလည်းကောင်း၊ ငလပွေ့ဒီရေ တောပျိုးဥယျာဉ်တွင် သမဲ့ပင် (၁၀၀၀)နှင့် ဗျူးခြေထောက် ဖို/မပင်(၁၀၀၀)၊ စုစုပေါင်းပျိုးပင် (၂၂၀၀၀)အား  ပျိုးထောင်ထားရှိကြောင်းနှင့် အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်များကို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ မြေများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းဘေးဝဲယာများနှင့် စိုက်ခင်းများတွင် စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လမြေအစိုဓာတ်ရရှိချိန်တွင် အခမဲ့ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း