မတ္တရာ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂၀၂၄-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းမှ“ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အကြောင်း အသိပညာပေး Video Clip များကို ပြသခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများနှင့် မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရှိသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ် သတ်မှတ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းလာမှု အကြောင်းအရင်းများ၊ ဝိသေသလက္ခဏာများ၊ မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် မြေဆွေးပြုလုပ်ပုံ နည်းစနစ်များပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)