ကျောက်မဲမြို့တွင်ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် G-9 အောင်မြင်ပြီးသူများတက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြော

ကျောက်မဲ ဇွန် ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အ.ထ.က (၂) ပတ္တမြားခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က တာဝန်ရှိသူများသည် ကျောက်မဲမြို့၊ အ.ထ.က (၃) ကျောင်း၌ ဖွင့်လှစ်ထားသည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ Grate 9 အောင်မြင်ပြီးသူ ကျောင်းသားကျောင်းသူ များ လျှောက်ထား တက်ရောက်နိုင်ကြောင်း ပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိစေရန်ရည်ရွယ်၍ အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်မဲခရိုင်ပညာရေးမှူး ဦးကျော်ရွှေက ဟောပြောပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျောက်မဲခရိုင်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးနိုင်ဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါက်တာဝေမာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် ဆွေဆွေမြင့်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းမှ စက်မှုကထိက ဒေါ်ဝါဝါဝင်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ကျောက်မဲမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်း‌ကျောင်း၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေးအတတ်ပညာနှင့် မွေးမြူရေးအတတ်ပညာများကို အထက်တန်းပညာနှင့်တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးနေသည့် အခြေအနေများ၊ ဘာသာရပ်အလိုက် ရွေးချယ်တက်ရောက် နိုင်သည့်အခြေအနေများနှင့် ရွေးချယ်တက်ရောက်သည့် ဘာသာရပ်အလိုက် ရရှိလာနိုင်မည့် အခွင့်အလမ်းများအကြောင်းကို အသီးသီး ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ အလားတူဟောပြောပွဲကို အခြားအထက်တန်းကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)