ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး ၊ ဝါကောက်သိမ်းရာတွင် Grade ခွဲခြားကောက်ယူရေးလုပ်ငန်းစဉ်များအား လုပ်ငန်းရှင်များ၊ တောင်သူများ ၊သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး

မိတ္ထီလာ ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါကောက်သိမ်းရာတွင် Grade ခွဲခြားကောက်ယူရေးလုပ်ငန်းစဉ်များအား လုပ်ငန်းရှင်များ၊ တောင်သူများ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က ဝါစိုက်ပျိုးထုတ်လုပ်မှုတွင် မိတ္ထီလာခရိုင်သည် အခြားခရိုင်များထက် အထွက်နှုန်းနည်းပါးခြင်း၊ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းလာခြင်းတို့ကြောင့် သတ်မှတ်အရည်အသွေးပြည့်မီပြီး အထွက်နှုန်းတိုးတက်လာစေရန် မြေပြင်တွင် လက်တွေ့ဆောင်ရွက်လျက်ရှိသည့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနများဆွေးနွေးမှုမှ မြေပြင်အခြေအနေကို သိရှိပြီး နိုင်ငံတော်မှ တိကျသည့်မူဝါများ ချမှတ်ဆောင်ရွက်နိုင်ရန် ယနေ့ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်းက မိတ္ထီလာခရိုင်အတွင်း  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဝါစိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများက ဝါစိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစု၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် ဖြည့်စွက်ရေးတို့ကို တင်ပြဆွေးနွေးခဲ့သည်။ ယင်းအပြင် ဝါလုပ်ငန်းရှင်ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက ဝါလုပ်ငန်းရှင်အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဝါလုပ်ငန်းရှင်များက ဝါဝယ်ယူကြိတ်ခွဲခြင်းနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီသည့် ဝါများရရှိရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့သည်။ ထိုအပြင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများက ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်ရရှိရေး၊ ဝါစျေးနှုန်းကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ဝါမျိုးများရရှိရေး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးက ဆွေးနွေးတင်ပြချက်များမှ အရည်အသွေးပြည့်မီသည့် ဝါမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများဖြင့် မိုးကြိုချည်မျှင်ရှည် ဝါစိုက်ဧက ၁၅၄၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)