ကျိုက်မရော ဇွန် ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စနစ်တကျပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ကျိုက်မရောမြို့ရန်မျိုးအောင်ရပ်ကွက် အေးမြသာစည်လမ်း၌ မုန်တိုင်းဘေးအန္တရာယ် မြေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူးဦးတင်သောင်းဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များပူးပေါင်း၍ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ယာဥ်အုပ်စုများဖြင့် အခင်းဖြစ်ပွားရာနေရာသို့ထွက်ခွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် နေအိမ်တွင်းပိတ်မိပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ကူညီရှာဖွေကယ်ဆယ်ပေးခြင်း မုန်တိုင်းဘေးအန္တရာယ်ကြောင့် သစ်ပင်များအောက်တွင်ပိမိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်လူနာအသက်ကယ်နည်းတို့ကို လက်တွေ့ပြသဆောင်ရွက်ခဲ့ကြသည်။
အဆိုပါရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရူခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)