ကျောက်ဖြူ ဇွန် ၅
၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် Mr. Antonio Guterres မှ ပေးပို့သည့် သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူးထံမှ ပေးပို့ထားသည့် သဝဏ်လွှာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip တို့အား ပြသခဲ့သည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား၊ကျောင်းသူများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)