နေပြည်တော် ဇွန် ၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (Myanmar Rice Online-MyRo) အစီအစဉ်နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့မှတွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ စနစ်တကျ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းများအနေဖြင့် ဆန်စပါးသိုလှောင်မှု အခြေအနေများအား စနစ်တကျဆောင်ရွက်နိုင်ရန်၊ ဆန်စပါးသိုလှောင်မှု အခြေအနေများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ (Myanmar Rice Online-MyRo) တွင် မှတ်ပုံတင် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကြဲပက်စိုက်ပျိုးနည်းမှ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်များ အသုံးပြုစိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်မှ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဆန်စပါးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေများ၊ Myanmar Rice Online-MyRo အွန်လိုင်းမှတ်ပုံတင်စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ အထွက်နှုန်းကောင်းသည့် မျိုးစပါးများ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများနှင့် လယ်ယာသုံး စက်ကိရိယာများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက မျိုးစပါးများ ထုတ်လုပ်မှုအခြေအနေများ၊ MSME ထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နေမှုအခြေအနေများကို ဖြည့်စွက်ဆွေးနွေး တင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ လျက် ဇေယျာသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန် ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး စီမံဆောင်ရွက်စေလိုကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးတို့ကို အမြဲမပြတ်ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေများကို အလေအလွင့်မရှိစေရေးနှင့် စနစ်တကျသုံးစွဲစေရေး ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)