သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သာစည် ဇွန် ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယမန်နေ့ နံနက် ၁၁ နာရီက ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားပြီး မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးတင်မင်းထွန်းက မြို့နယ်အတွင်း ချေးငွေကြွေးကျန်များ ပြေကြေစွာ ကောက်ခံရရှိရေးနှင့် ပြေကြေသည့် တောင်သူများအား ချေးငွေသစ်များ ပြန်လည်ထုတ်ချေးပေးခြင်း ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းများ၊ ငွေချေးတောင်သူများ သီးနှံအာမခံထားရှိနိုင်ရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ခရိုင်အာမခံလုပ်ငန်းတာဝန်ခံ ဦးဌေးလွင်က သီးနှံအာမခံအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများက အာမခံလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ခရိုင်တာဝန်ခံက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ထို့နောက် သမင်ဇာကုန်းကျေးရွာမှ‌ တောင်သူ ၆၆ ဦးတို့အား စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားယာသီးနှံတစ်‌ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) နှုန်း တို့ဖြင့် စပါး ၁၆၃ ဧကနှင့် နှမ်း ၁၅၀ ဧကတို့အတွက်  စိုက်ပျိုးစရိတ် ချေးငွေကျပ် ၃၉၄၅၀၀၀၀ ကို ထုတ်ချေးခဲ့ကြောင်း သိရသည်။ သာစည်မြို့နယ်တွင်  ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်၌ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် လျာထားစပါးဧက ၁၈၃၅၆ နှင့် အခြားသီးနှံဧက ၁၄၄၆၆ တို့အတွက် ချေးငွေ ကျပ်သိန်းပေါင်း ၄၂၀၀၀ လျာထားကြောင်း သိရသည်။

အခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးဝင်းအောင် မြို့နယ်ဘဏ်ခွဲဝန်ထမ်းများနှင့် သမင်ဇာကုန်း ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)