တွံတေး ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တွံတေးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနမှ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေပြီး ထုတ်ကုန်များ အချိန်နှင့်တစ်ပြေးညီ စျေးကွက်သို့ အမြန်ရောက်ရှိရေးအတွက် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ကျေးရွာ အနောက်ချောင်းစပ်မှ ရွှေမယင်းဒေသ (ကကယာ၂)သို့ ဆက်သွယ်ထားသော ချောင်းရိုးဘေးတာဘောင်ပေါ်ရှိ တံတား(၄)စင်း တည်ဆောက်နေကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ မူဝါဒအနေဖြင့် ကျေးလက်လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရေးနှင့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး ၈၀% နှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀% အပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဥ်အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ဖြင့် တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကွင်းပေါက်ကျေးရွာ အနောက်ချောင်းစပ်မှ ရွှေမယင်းဒေသ (ကကယာ၂)သို့ ဆက်သွယ်ထားသော ချောင်းရိုးဘေးတာဘောင်ပေါ်ရှိ တံတား(၄)စင်း တည်ဆောက်နေရာတွင် Y မြောင်းမြတံတား အရှည်ပေ (၇၁)ပေ၊ အကျယ်(၁၂)ပေ၊ စက်တံတားအရှည် (၆၀)ပေ၊ အကျယ်(၁၂)ပေ၊ ကုဋေတစ်သန်း တံတားအရှည် (၁၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ကကယာ တံတားအရှည် (၆၀)ပေ၊ အကျယ်(၁၂)ပေ စသော ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်မှ ရွှေမယင်းဒေသ(ကကယာ-၂) ကွန်ကရစ်ကုန်ထုတ်လမ်းတွင် အရေးပါသော တံတား(၄) စင်းကို သမဝါယမနှင့်ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ယခုဆိုလျှင် ရာခိုင်နှုန်းအားဖြင့် (၃၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း (၆၇/၀.၈၆၄) မိုင်၊ ကတ္တရာလမ်း (၀/၄)မိုင်၊ ကျောက်လမ်း (၁၄/၃.၃၄၀၄)မိုင်၊ မြေသားလမ်း (၄၇/၀.၀၁)မိုင် စုစုပေါင်း (၁၂၉မိုင်)၊ ကွန်ကရစ်တံတား (၃၀)စင်း၊ Box Culvert (၅၀)စင်း ဆောင်ရွက်နိုင်ခဲ့ပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင်လည်း ကွန်ကရစ်လမ်း (၁/၅.၄၇)မိုင်၊ ကွန်ကရစ်တံတား (၆)စင်း၊ Box Culvert (၃)စင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သောကင်းရွာ-ခရမ်းကြီးခရမ်းဝ ရေတွင်းကုန်းကွင်း ပေါက်ချောင်းစပ်ထိ လမ်းကွန်ကရစ်လမ်းမှာ မူလက မြေသားလမ်းဖြစ်ပြီး ကွန်ကရစ်ခင်းခြင်းကို (၀/၇မိုင်၊ အကျယ်၁၄ပေ၊ ထု၇လက်မ) ကို ခွင့်ပြုရန်ပုံငွေ (၄၆၀.၃၁၈)သန်းအား (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ကျေးရွာ အနောက်ချောင်းစပ်မှ ရွှေမယင်းဒေသ(ကကယာ-၂) ငါးကန်များသို့ ဆက်သွယ်သော ချောင်းရိုးဘေး တာဘောင်ပေါ်ရှိ တံတား (၄)စင်း ပြီးစီးသွားပါက အကျိုးပြုကျေးရွာ (၈)ရွာ၊ အိမ်ခြေ (၁၄၈၉)အိမ်၊ အိမ်ထောင်စု (၂၈၁၆)စု၊ လူဦးရေ (၅၉၅၇)ဦး၊ စာသင်ကျောင်း (၅)ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ (၉၃၉)ဦးနှင့် စိုက်ပျိုးဧက (၁၃၇၄၆ ဧက)တို့ကို အကျိုးပြုသည့်အပြင် ကျေးလက်ထုတ်ကုန်များ သက်သာစွာဖြင့် စျေးကွက်သို့ အမြန်ရောက်ရှိပြီး ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များ အသုံးပြု၍ လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(ပြန်/ဆက်)