နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေနိုင်ရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၄

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊  သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်)ကျေးရွာရှိ  စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ၊ ဇလောင်း(တောင်)ကျေးရွာရှိ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် စိတ္တသုခစာကြည့်တိုက်၊ ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ စာကြည့်တိုက် အသစ်ဆောက်လုပ်မည့်နေရာနှင့် ရတနာဒီပရပ်ကွက်ရှိ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ စာကြည့်တိုက်များ  စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးကာအုပ်ချုပ်ရေးမှူးရုံး၌ စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်မိ/ ရပ်ဖများနှင့်တွေ့ဆုံပြီး စာကြည့်တိုက်အသစ် အမြန်ဆုံးတည်ဆောက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့် အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေးတို့ကို စာကြည့်တိုက်မှူး သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေး နံရံကပ်စာစောင်များပြသပေးရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရပ်ရွာ၊ ပြည်သူများ၊ အလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ စာကြည့်တိုက်အတွင်း၊ အပြင်သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးစေလိုကြောင်းနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေး သက်ဆိုင်ရာတာဝန်ရှိသူများ  ကျောင်းသားမိဘများ၊ ရပ်မိ/ရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်  ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)