ချောင်းဆုံမြို့နယ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

ချောင်းဆုံ ဇွန် ၄

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုူံးမှုမဖြစ်ပွားစေရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ယနေ့နံနက်ပိုင်းက ကလွီကျေးရွာ ကမ်းနားဆိပ်တွင် မုန်တိုင်းဘေးနှင့် ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးတင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများနှင့် ဒေသခံပြည်သူများမှ ဇာတ်တိုက်လေ့ကျင့်လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် မုန်တိုင်းဘေး၊ ရေဘေး စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများအနေဖြင့် တုံ့ပြန်ဆောင်ရွက်ရာတွင် ရှောင်ရန်/ဆောင်ရန်အချက်များ၊ မြေပြင်၊ ရေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ကာ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းစသည့်လုပ်ငန်းများကို ပူးပေါင်းလေ့ကျင့်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)