ဆီဆိုင်မြို့တွင် ဘုန်းတော်ကြီးကျောင်း၊ ဌာနဆိုင်ရာရုံးနှင့် ဒေသခံပြည်သူနေအိမ် (၂၉၅) လုံး လျှပ်စစ်မီးပြန်လည်ရရှိ

ဆီဆိုင် ဇွန် ၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြန်လည်ဝင်ရောက်နေထိုင်သည့်ဒေသခံ ပြည်သူများအား လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ၃၃/၁၁ ကေဗ္ဗီ (၅) အေဗ္ဗီ မိန်းထရန်စဖော်မာ(၁)လုံး၊ ၁၁ ကေဗ္ဗီ ဓာတ်အားလိုင်း (၁၁၃) ခန်း၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း(၃၅၉)ခန်း၊ ချို့ယွန်းပျက်စီးသည့် ၁၁/၀.၄ ကေဗ္ဗီ (၂၀၀) ကေဗ္ဗီထရန်စဖော်မာ(၈)လုံးတို့ကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ လက်ရှိအချိန်တွင် မြို့ပေါရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံး (၆) ရုံးနှင့် ဒေသခံပြည်သူနေအိမ် (၂၉၅) လုံးတို့အား လျှပ်စစ်မီးပြန်လည်ရရှိထွန်းလင်းနေပြီဖြစ်သည်။

ဆက်လက်၍ လျှပ်စစ်မီးမရရှိသေးသည့် ဌာနဆိုင်ရာရုံးနှင့် ဒေသခံပြည်သူနေအိမ်များအား လျှပ်စစ်မီးကြိုးသွယ်တန်း ပြုပြင်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက   လျှပ်စစ်မီးများဆက်လက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

နေမင်း(ဆီဆိုင်)