မုဒုံမြို့ ကွမ်ကဗွီးကျေးရွာရှိ ဒေသခံတောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်များထုတ်ချေးပေး

မုဒုံ ဇွန် ၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းက ကွမ်ကဗွီးကျေးရွာနေ တောင်သူများအား ထုတ်ချေးပေးသည်။

ဦးစွာ မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးယဥ်ဌေးက စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇)၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်လိုအပ်ကြောင်း၊ ယခင်နှစ်များက ချေးငွေများ အပြေအကျေ ပြန်လည်ဆပ်ပြီးသည့် တောင်သူတစ်ဦးလျှင် လယ်တစ်ဧက ၁၅၀၀၀၀ နှုန်း၊ လယ် ၁၀ ဧကအထိ အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကွမ်ကဗွီးကျေးရွာရှိ တောင်သူ ၁၈ ဦး၏ လယ်ဧက ၁၃၂  ဧကအတွက် ချေးငွေကျပ် စုစုပေါင်း ၁၉၈ သိန်းကို စနစ်တကျထုတ်ချေးပေးခဲ့သည်။ မုဒုံမြို့နယ်တွင် မိုးစပါးချေးငွေများ ကို ရပ်ကွက်/ကျေးရွာ (၄၂)ရှိ တောင်သူ ၃၀၃၈ ဦး၏ လယ်ဧက ၂၃၃၃၄  ဧကအတွက် ချေးငွေ စုစုပေါင်း  ၃၅၀၀၁ ကျပ်သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)