ငါန်းဇွန်မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကျင်းပ

ငါန်းဇွန် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ဦးဆောင်မှုဖြင့် အများ ပြည်သူများ အသွားအလာစည်ကားရာနေရာဖြစ်သည့် အမှတ် (၁)ရပ်ကွက် မြို့မရဲစခန်းရှေ့ မြို့လယ်လမ်းဆုံ၌ ယနေ့ နံနက် ၉ နာရီက “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်ပါ မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှသိန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကနှင့် ကော်မတီဝင်များက အခမ်းအနားသို့ တက်ရောက်လာသူများအား သန်းခေါင်စာရင်းကောက်ယူခြင်း အသိပညာပေး နံရံကပ်ပိုစတာများ နှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

သက်နောင်ဦး(ငါန်းဇွန်)