သုံးခွ ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၄-၂၀၂၅ ခုနှစ် ပထမအကြိမ်မြောက်တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်နွေးနွေးမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး သုံးခွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ရီရီအေးက တင်ဒါစည်းကမ်းချက်များအားဖတ်ကြားရှင်းလင်းပြောကြားရာတွင် တင်ဒါ၀ယ်ယူမည့်သူသည် အမှန်တကယ် ရေလုပ်ငန်းလုပ်ကိုင်ကြောင်း အထောက်အထားပါရှိရမည်ဖြစ်ကြောင်း ထုတ်ပေးထားသည့်တင်ဒါလိုင်စင်နှင့် လုပ်ပိုင်ခွင့်သည် (၁) နှစ်အတွက်သာဖြစ်ပြီး ကျရောက်ဆဲမြန်မာသက္ကရာဇ်နှစ်ကုန်အထိသာ တရား၀င်အတည်ဖြစ်ကြောင်း၊တင်ဒါဆွဲ၀ယ်သူသည် ဆွဲ၀ယ်ခွင့်လက်မှတ်နှင့် နိုင်ငံသာစိစစ်ရေးကတ်ပြားပါရှိမှသာ တင်ဒါဆွဲဝယ်ခွင့် ရရှိမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
တင်ဒါပိုက်ချက်ရောင်းချရာတွင် ကျေးရွာအုပ်စု (၆၄) အုပ်စုရှိသည့်အနက် (၂၄) အုပ်စုနှင့်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၉) ရပ်ကွက်ရှိဒေသခံရေလုပ်သား (၅၀) ဦးတက်ရောက်ခဲ့ပြီး တင်ဒါပိုက်ချက် (၁၁၅) ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)