မုဒုံ ဇွန် ၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။
ဦးစွာ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မုန်တိုင်းသတိပေး အရေးပေါ်ထုတ်ပြန်ချက် (အညိုရောင်အဆင့်) သတင်းကို ကျေးရွာနေ ပြည်သူများ သိရှိစေရန် အသံချဲ့စက်ဖြင့် ကြေညာပြီး ကြိုတင်ပြင်ဆင် သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်း ဇရပ် (ဘေးလွတ်ရာနေရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ကူညီပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေ ကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ လူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူ(၁၂၀) ခန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကျေးရွာနေပြည်သူများအား ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို တာဝန်ရှိသူများက အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)