တာမွေ ဇွန် ၄
"ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ " ဆိုသည့် ဆောင်ပုဒ်နှင့် အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်" ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/ ကျောင်းသူ တစ်သောင်းသုံးထောင်ကျော် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျောင်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ် တာတို့၊ အဘိတ်ဆေးခတ်တာတို့၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စသည်ဖြင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးတို့အတွက်ကို ဆောင်ရွက်တာ တွေရှိပါတယ်” ဟု တာမွေမြို့နယ် ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၇)ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ မူလတန်းကျောင်း (၂၄)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၈)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း (၁)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်းရှိပြီး ယမန်နေ့ ကျောင်းစတင်ဖွင့်လှစ်သည့်နေ့တွင် စုစုပေါင်း မြို့နယ် အတွင်းရှိ အခြေခံပညာအဆင့် ကျောင်းသား/သူ (၁၃၃၄၂)ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)