မိုင်းနောင် ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၈) နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှတာဝန်ခံ ဆရာမ ဒေါ်နန်းမေထားနှင့် ကျန်းမာရေး ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ငှက်ဖျား၊ AIDS နှင့် အခြားရောဂါများရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ၊ ပိုလီယိုရောဂါကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၇၅)ဦး၊ ကလေးငယ်(၈၉)ဦးတို့ လာရောက်ထိုးနှံ၍ ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)