ခရမ်းမြို့နယ်တွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရေး စစ်ဆေးခြင်းများဆောင်ရွက်

ခရမ်း ဇွန် ၄

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက် (၈) နာရီက ခရမ်းမြို့ အ.ထ.က (၁) နှင့် အ.ထ.က (၂) ကျောင်းလမ်းစုံတို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆ မှုများလျော့နည်းကျဆင်းပပျောက်စေရေးအတွက်‌ မော်တော်ယာဉ်နှင့် နောက်တွဲဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ်ပတ်ပြီးမောင်းနှင်ရန်နှင့် နောက်တွဲဆိုင်ကယ်မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ‌ မောင်းနှင်ရန်၊ လမ်း‌ပြောင်းပြန်မမောင်းရန်၊ ယာဥ်နှင့်တစ်ပါတည်းယာဉ်လိုင်စင်များယူဆောင်လာရန်နှင့် ခရီးသွားလာရာတွင် အသက်ပြည့်ပြီးသူတိုင်း နိုင်ငံသားကဒ်ကိုင်ဆောင်ပြီးမှ ခရီးသွားလာရန် စသည့်လိုက်နာရမည့်အချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အများပြည်သူခရီးသွားများ ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ်မတော်ဆမှုများ ကင်းရှင်းစေရန်အတွက် ဆရာ/ဆရာမများနှင့် ခရမ်းမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ စု (၅၅) မှ ဒုရဲအုပ်နေမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ကျောင်းသား/ကျောင်းသူများအား ယာဉ်တိုက်မူကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)