လားရှိုး ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စတင်ဖွင့်လှစ်ခဲ့သည့်နေ့တွင် လားရှိုးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများ ၎င်းတို့၏ မိသားစုဝင်များ၊ ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လားရှိုးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
“လားရှိုးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ဆရာမတွေနဲ့ မိသားစုဝင်တွေ ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေကို ထိုးပေးတာပါ။ တချို့နယ်အဝေးကနေ ကျောင်းလာတက်ကြသူတွေအနေနဲ့ အပြင်မှာတကူးတက သွားထိုးစရာမလိုတော့အောင် လားရှိုးတက္ကသိုလ်မှာ လာရောက်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။” ဟု ဆေးထိုးနှံပေးသူတစ်ဦးကပြောသည်။
အဆင့်မြင့်ပညာဦးစီးဌာနရှိ လားရှိုးတက္ကသိုလ်၌ ပထမနှစ်၊ဒုတိယနှစ်၊ တတိယနှစ်၊ ဂုဏ်ထူးတန်း၊မဟာဘွဲ့အတန်းများတွင် ကျောင်းသား၊ကျောင်းသူ ၁၃၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)