နေပြည်တော် ဇွန် ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့၊ အနော်ရထာရပ်ကွက်ရှိ အားမာန်သစ်စာကြည့်တိုက်သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း ပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာသင်ကြားနိုင်ရေးကို အလေး ထားဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အား Clean City, Green City, Smart City ဖြစ်စေရေး ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ရေးလုပ်ငန်းများကို အရှိန်မဟုန်ဖြင့် ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများကို ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ဧကများ ပိုမိုတိုးတက်လာ စေရေး၊ မျိုး၊ မြေ၊ ရေ၊ စသည့် နည်းလမ်းလေးသွယ်ကို စနစ်တကျမှန်ကန်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစွမ်းအားများ တိုးတက်လာစေမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ မွေးမြူရေး ထုတ်ကုန်များ လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြည်တွင်းစားရေရိက္ခာဖူလုံကာ ပြည်ပသို့ တင်သွင်းနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများအနေဖြင့်လည်း ထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပြီး ပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတရရှိနိုင်ရန်အတွက် ကျောင်းစာကြည့်တိုက်များ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ သုတရသစာအုပ်စာစောင်များ စုံလင်စွာထားရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့် တွေ့ ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ စသည့် နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်စေလိုကြောင်း၊ မိုးစပါးစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းကို အသုံးမပြုဘဲ အစေ့ချကိရိယာ၊ ကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သွင်းအားစုများကို စနစ်တကျထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့် မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး တို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေ ပေးဝေနေမှု အခြေအနေများ၊ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနေမှုနှင့် ထုတ်လုပ်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ကောင်စီ အတွင်းရေးမှူးတို့က တက်ရောက်လာကြသည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မိုးစပါးအတွက် ဓာတ်မြေဩဇာများကို ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အောင်မြေရိပ်သာကျေးရွာ ကွင်းအမှတ်(၁၄၁၇)တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းသီးနှံ ဘောင်ကြီးတင်စံပြကွက် ၁၀ ဧကစိုက်ခင်းတွင် အောင်မြင်ဖြစ်ထွန်းနေသည့် နွေနှမ်းသီးနှံများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း