ကျောက်ဖြူ ဇွန် ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အစိုးရရပ်ကွက်၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲတွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးမြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၈ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး၊ စုစုပေါင်း ၂၇ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့၌ ဆုရရှိသူများအား ဇွန်လ ၅ ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)