နေပြည်တော် ဇွန် ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့နှင့်ကျေးရွာတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များ၊ ဆုစိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ ဆုရကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆုရရှိ သည့် မြို့နှင့်ကျေးရွာများမှ ကိုယ်စားလှယ်များ၊ နေပြည်တော်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နေပြည်တော်အဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာရပ်များ ရင်ဆိုင်ကြုံတွေ့လာကြရပါကြောင်း၊ နေပြည်တော်သည် ၂၀၁၇ ခုနှစ်က ပေးအပ်ခဲ့သော အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးသောမြို့ကြီးများဆုကို ရရှိထားသည့် အားလျော် စွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများပြည့်မီအောင် အစဉ်အလေးထားလိုက်နာရမှာဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် နေပြည်တော်အား Clean City , Green City , Smart City အဖြစ် တိုးတက်ဖြစ်ပေါ်လာစေရေး ဟူသည့် လမ်းညွှန်ချက်ကိုများစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ဆုရရှိသည့် ကျောင်းများ၊ မြို့နှင့်ကျေးရွာများအား အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏အောင်မြင်မှုများကို ဆက်လက်တန်ဖိုးထားထိန်းသိမ်းကြရန်တိုက်တွန်းပါကြောင်း ပြောကြာ သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု(Clean Green School Award)ရ ကျောင်းများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု (ပထမဆု)ရရှိခဲ့ကြသည့် ကျောင်းများ၏ ပြိုင်ပွဲဝင်မှတ်တမ်း Video Clip များနှင့် ပထမဆုရရှိခဲ့သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာတို့၏ ပြိုင်ပွဲဝင်မှတ်တမ်း Video Clipတို့အား ပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ယနေ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (Clean & Green School Award)အခြေခံပညာအထက်တန်းအဆင့် ပထမဆုကို ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကလည်းကောင်း၊ ဒုတိယဆုကို ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းကလည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် ပထမဆုကို ပျဉ်းမနားမြို့နယ်၊ မူလတန်း(လွန်)(ဘောဂဝတီ) ကျောင်းကလည်းကောင်း၊ ဒုတိယဆုကို တပ်ကုန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (ညောင်တုန်းအိုင်)ကလည်းကောင်း၊ တတိယဆုကို ဇေယျာသီရိမြို့နယ်၊ အခြေခံပညာမူလတန်း (လွန်) ကျောင်း(တိမွေးကု)က လည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ ပထမဆုကို ပုဗ္ဗသီရိမြို့ကလည်းကောင်း၊ ဒုတိယဆုကို ဇေယျာသီရိမြို့ကလည်းကောင်း၊ တတိယဆုကို ဇမ္ဗူသီရိမြို့ကလည်းကောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောကျေးရွာ ပထမဆုကို ဒက္ခိဏသီရိမြို့နယ်၊ ညောင်ကုန်းကျေးရွာကလည်းကောင်း၊ ဒုတိယဆုကို တပ်ကုန်းမြို့နယ်၊ အေးချမ်းသာ ကျေးရွာကလည်ကောင်း၊ တတိယဆုကို လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်း ကျေးရွာကလည်းကောင်း အသီးသီးရရှိခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း၊ (ပြန်/ဆက်)