ရှမ်း(တောင်) ဇွန် ၄
နိုင်ငံတော်အနေဖြင့် အခြေခံပညာမူလယ်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အခမဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းနေမြဲရေးအတွက် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ် ပြဌာန်းဖတ်စာအုပ်များကို အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်ထွန်းလာစေရန် ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ဇွန် ၃ ရက် နံနက်ပိုင်းမှစတင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအားလုံး အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိသည်။
ထိုသို့ ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/ ဆရာမများက ကြိုဆိုကြပြီး ကျောင်းခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုနှင့် ကျောင်းအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အခြေခံပညာကျောင်းပေါင်း(၂၆၆၇)ကျောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် (၉၆၇)ကျောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၉၀၃)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၄၅၃၇)၌ ယနေ့ထိကျောင်းအပ်နှံပြီးသည့် ကျောင်းသား/သူပေါင်း (၅၈၆၇၂၉)ဦးရှိပြီး ကျောင်းသား/သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက် ရှိသည်။
ထို့အတူရှမ်းပြည်နယ်အတွင်းရှိ တက္ကသိုလ်/ကောလိပ်များလည်း တစ်ပြိုင်တည်းဖွင့် လှစ်သင်ကြားပေးလျက်ရာ တက္ကသိုလ်/ကောလိပ် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်
စိုင်းသန်းကျော်(တောင်ကြီး)